မြောက်ဦး စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး လူအများရှေ့စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည်စုံသောလူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းအချိန်က ပြင်ဈေးရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ(၁)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ(၁) ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဦးတည်ချက်(၉)ရပ်တွင် ပါရှိသည့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုသည့် ဗလငါးတန်ပြည့်ဝစေရန် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုများရှိလာပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးမြင့်စိုးက ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ်ပါဝင်ဆောင်ရွက်ပြီး အ.ထ.က(ခွဲ) လ(၁) ကျောင်းမှကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade- 12 ကျောင်းသား မောင်ဦးနိုင်ဝင်းမှ လူငယ်နှင့်ရှေ့အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသား မောင်စိုးနိုင်ထွန်းမှ Good Family ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသူ မထက်ထက်သူမှ အခက်အခဲနှင့်တုံ့ပြန်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မမြတ်ပန်းငြိမ်းမှ လူငယ်နှင့်အင်တာနက် ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးကြရာ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)