တောင်သာ စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် တမာကုန်းကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Box Curvert တံတားတစ်စင်း ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက အလျား ၁၈ ပေ၊ အနံ ၄ ပေ ၉ လက်မ၊ အမြင့် ၄ ပေ ၉ လက်မ Box Curvert တံတားအားသတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ ဆောင်ရွက်စေရန်၊ ၄င်းအပြင် Guard Post တိုင်များစိုက်ထူထားရှိရန်၊ လုပ်ငန်းခွင် သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ထားရှိစေရန်၊ လုပ်ငန်းဆိုင်းဘုတ်များ စိုက်ထူထားရန် စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပြီး ကျေးရွာကော်မတီဝင်များအား ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မှာကြားခဲ့သည်။
အဆိုပါ တမာကုန်းကျေးရွာကုန်ထုတ်လမ်းပေါ်ရှိ Box Curvert တံတားအား ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ၁၂.၆၂ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနူန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်သဖြင့် ယင်းလမ်းကို အသုံးပြု၍ တမာကုန်းကျေးရွာမှ တောင်သူများ၏ ထွက်ကုန်၊ ထုတ်ကုန်များ စျေးကွက်သို့ လျင်မြန်စွာ အချိန်မီ ပေးပို့နိုင်မည့်အပြင် ယင်းလမ်းကို အသုံးပြု၍ မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း ဆက်သွယ်သွားလာနိုင်မှာဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)