မြစ်သား စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် ဇူလိုင်လ (၁၆) ရက်နေ့မှ စ၍ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခရုတုတ်ကျေးရွာ အုပ်စု၊(အ.မ.က) ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ခရုတုတ်ကျေးရွာအုပ်စုအတွင်းရှိ ခရုတုတ်(အနောက်)ကျေးရွာမှ ဒေသခံပြည်သူ (၁၀၃) ဦးတို့အား ပန်းခင်းစီမံချက် အဆင့်( ၂) ဖြင့် (၁၀) နှစ်ပြည့်၊ (၁၈) နှစ်ပြည့် ကတ်ပြားများ ထုတ်ပေးနိုင်ရန်အတွက် ရှေ့ပြေးလျှောက်လွှာနှင့် နိုင်-၂ ပုံစံများ ကောက်ယူခြင်း၊ လက်ဗွေနှိပ်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့် သွေးအမျိုးအစား စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
မြစ်သားမြို့နယ် ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပြီးစီးခဲ့သော ရပ်ကွက်၊ ကျေးရွာ စုစုပေါင်း (၃၂) အုပ်စုမှ လူဦးရေ (၂၄၃၄) ဦး ဆောင်ရွက်ပြီးစီးခဲ့ရာ ကျန်ရှိသော ရပ်ကွက်၊ ကျေးရွာများကိုလည်း သတ်မှတ်ရက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မိုး ထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)