ဝမ်းတွင်းမြို့နယ်၌ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ဝမ်းတွင်း စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ လူငယ်၊လူရွယ်များအား ကျောင်းစာအပြင် အထွေထွေ ဗဟုသုတများ တိုးပွားလာစေရန်၊ လူငယ်လူရွယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဦးတင်လှိုင်က လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြောင်း၊ လူကုန်ကူးမှုခံရခြင်းမှ ကင်းဝေးစေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲသို့ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်း (ဝမ်းတွင်း) မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ပြန်/ဆက်)