စဉ့်ကူး စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်(၁၂) နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်ကပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ကျင်းပရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုနှင့် အ.ထ.က(စဉ့်ကူး)မှဆရာမများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား စဉ့်ကူးမြို့နယ် ပြန်/ဆက်ရုံး ဝန်ထမ်းများက အအေးနှင့်မုန့်များ တိုက်ကျွေးခဲ့သည်။
စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)