မိတ္ထီလာ စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးအထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးအထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် မိတ္ထီလာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ကြွယ်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ၎င်းပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်ကြွယ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း၊ အလယ်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)