သာစည် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများနှင့် စာအုပ်ပြပွဲတို့ကို ယမန်နေ့က မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ် အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးများကို အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေမှုများ လျော့နည်းပပျောက်စေရေး ထိရောက်စွာ တားဆီးကာကွယ်ရန်နှင့်ကလေးသူငယ်အခွင့်အရေးများစသည်ဖြင့် အသိပညာပေးဟောပြောသည်။ ထို့နောက် ကျောင်းသား/သူများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲနှင့်ပြပွဲများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)