ပျော်ဘွယ်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ဦးဆောင်၍ စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၁၄

ပျော်ဘွယ်မြို့နယ်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ဦးဆောင်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ပါအကြောင်းအရာများကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။

အသင်းဝင်များနှင့် စာပေဝါသနာရှင်တို့က ယခုစာအုပ်တွင် စာရေးဆရာသည် လူငယ်များ အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့်အမြင်များ၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့အောင်စိတ်၊ လူငယ်နှင့်စူးစမ်းလေ့လာမှုများ၊ တာဝန်-လိပ်ပြသန့်မှု၊ အလှအပဖြင့်ဝင့်ကြွားခြင်း၊ အသုံးကျခြင်းနှင့် နှလုံးလှခြင်း၊ လူငယ်နှင့်သိပ္ပံအတွေး၊ ယုံကြည်စိတ်ချမှုနဲ့ဘဝအမြင်၊ လူငယ်နှင့်တက္ကနိုလိုဂျီစသည့် ခွန်အားဖြည့်ဆောင်းပါးများဖြင့် ဘဝအောင်မြင်တိုးတက်ရေးအတွက် လမ်းညွှန်ထားသည့်စာအုပ်ကောင်းဖြစ်ပါကြောင်း၊ လူတိုင်းဖတ်သင့်စာအုပ်ဖြစ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)