မြေပုံ စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က မြေပုံ)၊ ဦးစိန္တာခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးစိုးညွှန့်ထွန်းက ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသည့် လူကုန်ကူးမှုများ၊ လူကုန်ကူးသူများအသုံးပြုသောနည်းလမ်းများ၊ လူကုန်ကူး ခံရမှုကြောင့်ရရှိနိုင်သော ဆိုးကျိုးရလဒ်များနှင့်ပြစ်မှု/ပြစ်ဒဏ်တို့ကို ကျောင်းသား/ကျောင်းသူများ နားလည်မှုလွယ်ကူစေရန်အတွက် Projector ဖြင့် စနစ်တကျ ရှင်းလင်းပြသဆွေးနွေး ဟောပြောသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား လူ…လူ…လူ…လူသည် ရောင်းကုန်မဟုတ်ပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေသည်။
အခမ်းအနားသို့ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ (အ.ထ.ကမြေပုံ)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ G-12 ကျောင်းသား/ ကျောင်းသူများစုစုပေါင်း အင်အား(၂၅၁)ဦး တက်ရောက်ကြောင်း သိရှိရသည်။
တင်ဝင်း