အမ်း စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲအား ပြည်သူများ အသိပညာဗဟုသုတရရှိနိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ တင်ဆက်ရိုက်ကူးပြီး Online မှတဆင့် အသိပညာပေးအစီအစဥ်များအား ထုတ်လွှင့်ပေးလျက်ရှိသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားဆွေးနွေးရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်ကျော်မြင့်က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေပြဌာန်းထားရှိမှု၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ၊ ရပ်ကွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုများ၊ ဈေးကွက်အတွင်းတွင်ရှိသည့် ကုန်စည်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မှုများ၊ ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများဆောင်ရွက်မှု၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများသို့ တိုင်ကြားနိုင်ရန်တို့ကို ပြည်သူများသိရှိစေရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်တွင် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း