နမ့်စန်(တ) အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက် နံနက် ၁၀ နာရီ က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးထိုက်မြင့် ၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစံသောင်းနှင့်အဖွဲ့ဝင်များ ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင် က အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြို့နယ်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသောင်း က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ၊ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်အခြေအနေများ ၊ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေနှင့် ယာယီမဲရုံ ဆောက်လုပ်ရေးကိစ္စရပ်များ ၊ မဲရုံမှူး ၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ တာဝန်ပေးအပ်မှုအခြေအနေ နှင့် သင်တန်းများပို့ချပေးမည့် အစီအစဉ် ၊ မဲရုံတစ်ရုံချင်းအလိုက် လျှပ်စစ်မီးအခြေအနေနှင့် အရန်မီးစက်များဆောင်ရွက်ထားရှိရေး ၊ ဆက်သွယ်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့ရေး နှင့် စနစ်တကျကွင်းဆင်းကြီးကြပ်ဆောင်ရွက်နိုင်ရေး ၊ ကြိုတင်မဲကိစ္စရပ် များ ၊လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ၊ မဲရုံအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာကိစ္စရပ်များနှင့် အခြားရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။ နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက်၁၁ ခုနှင့် ကျေးရွာအုပ်စု ၂၀ ခုတို့တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဦးရေ ၉၁၆၉၆ ဦး ရှိပြီး မဲရုံ ၁၀၃ ရုံ လျာထားဆောင်ရွက် ထားကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)