ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် ပြင်ဦးလွင်မြို့ အ.ထ.က (မိုးကြိုးပစ်)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၄

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ  လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက  ပြင်ဦးလွင်မြို့နယ် အ.ထ.က (မိုးကြိုးပစ်) ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ  ပြင်ဦးလွင်မြို့နယ် အ.ထ.က (မိုးကြိုးပစ်) ကျောင်း၌ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလငါးတန်ပြည့်စုံစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သိပ္ပံပြခန်း၊ လက်တွေ့အသုံးချ လက်မှုပစ္စည်းအမျိုးမျိုးပြုလုပ်မှုပြခန်း၊ အနုပညာယဉ်ကျေးမှု သရုပ်ပြခန်းများအား ပြင်ဦးလွင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။

အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး  အ.ထ.က (မိုးကြိုးပစ်)မှ ကျောင်းသား/သူများဖြစ်သည့် မောင်ကြယ်စင်ထွန်းက “လူငယ်နှင့် ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သီဟမင်းမောင်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုရှင်အိန္ဒြေက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနန်းမိုးမြင့်မြင့်စံက “လူငယ်နှင့်ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မအိသဉ္ဇာအောင်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူများက လူငယ်စကားတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/သူများအား  ပြင်ဦးလွင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းက ဂုဏ်ပြုမှတ်တမ်းတင် လက်မှတ်များပေးအပ်ပြီး   စာရေးဆရာ ကိုရွှေအောင်သင်းက အ.ထ.က (မိုးကြိုးပစ်) ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များ ပေးအပ်လှူဒါန်းရာ အ.ထ.က(အနီးစခန်း) အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မေသီထက်နွေကျော်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းသို့   ပြင်ဦးလွင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးစိုင်းအောင်ကြည်၊ ခရိုင်ပညာရေးမှူး ဒေါက်တာရွှေစင်အိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့်တာဝန်ရှိသူများ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ စာရေးဆရာကိုရွှေအောင်သင်း၊ အ.ထ.က (မိုးကြိုးပစ်) အထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူ (၄၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များ၊ နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက်)