တာချီလိတ်မြို့၌ ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တာချီလိတ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးလှမျိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးဘမိုးမြင့်က လူနာကိုဆေးရုံသို့မရောက်မီ သက်သာစွာ နေထိုင်နိုင်စေရန်၊ အချိန်မီပြုစုစောင့် ရှောက်တတ်စေရန်၊ ရှေးဦးပြုစုနည်း အတတ်ပညာများကို ကျွမ်းကျင်စွာတတ်မြောက်ပြီး ပြည်သူများကို ပိုမိုအကျိုးပြုနိုင်စေရန်ရည်ရွယ် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၄ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား (၁၁၀) ဦးတက်ရောက်ကာ သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ဒဏ်ရာရရှိပါက အခြေခံရှေးဦးပြုစုနည်းများနှင့် ပတ်တီးစည်းနည်းများကို ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)