သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရန် "လူငယ်စကားဝိုင်း" ကျင်းပ

သင်္ဃန်းကျွန်း စက်တင်ဘာလ ၁၄

သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က (၁)  " ခရေ” ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်ကလူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦးအသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး  လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်နှင့်  အထက်တန်းပြ ဆရာမဒေါ်‌ခင်နှင်းကြည်တို့က Moderator အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က (၁)  Grade (11) မှ မောင်ပြည့်ဖြိုးအောင်က လူငယ်နှင့်စာပေ၊ မောင်ဘိုဘိုဇော်မျိုးအောင်က လူငယ်နှင့်နည်းပညာ၊‌ မောင်ချမ်းမြေ့နိုင်က လူငယ်နှင့်ကျန်းမာရေး၊ မနှင်းနန္ဒာအောင်က လူငယ်နှင့်ယဉ်ကျေးမှု၊ မချစ်နှင်းဖြူက လူငယ်နှင့်မူးယစ်ဆေး၊ မသဲဆုနိုင်က အိမ်တွင်းအကြမ်းဖက်မှု စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊‌ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြား‌ပေးခဲ့ကြပြီး  ကျောင်းအုပ်ဆရာမကြီး  ဒေါ်‌ခင်သီတာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့‌ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)