သံဖြူဇရပ်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

သံဖြူဇရပ် စက်တင်ဘာ ၁၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အသက် (၉) နှစ်မှ (၁၁) နှစ်အထိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်က သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သော အမျိုးသမီးများမှာတော့ ဒုတိယ​အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ကြောင်း၊  သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို မိန်းကလေးငယ်များအား စောလျင်စွာထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံးကာကွယ်မှုရရှိနိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမင်းဗညားအိုင်းချမ်းက မြို့နယ်အတွင်း အသက် (၉) နှစ်မှ (၁၁) နှစ်အထိရှိသော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးတင်ပြကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)