ခရမ်း စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးတက်၍ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉ :၃၀) အချိန်က အမှတ် (၁၂) ရပ်ကွက်ရှိ အ.မ.က (မူလွန်) စက်သစ် ကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် ခင်နှင်းဝေကက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာရန်၊ ကောင်းမွန်သော အလေ့အကျင့်ကောင်းများထားရှိရန်၊ အနာဂတ်တွင် လူရည်ချွန်များ ဖြစ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်က တစ်ကိုယ်ရေကျန်းမာရေး၊ လက်ဆေးခြင်း၊ သွားသန့်ရှင်းရေး ပြုလုပ်နည်းများအကြောင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်စားသောက်နည်းများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဝါးများဖြင့် ကုသပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)