(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

သုံးခွ စက်တာဘာ ၁၄

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး    သန်လျင်ခရိုင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌   စက်တင်ဘာ ၁၂ နေ့  နေ့လည် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပထမဦးစွာ ဆုရပြိုင်ပွဲဝင်များက ချမ်းမြေ့ပါစေ၊ ရွှင်လန်းနိုင်ကြပါစေ၊ မခင်နှင်းဆီ၊ နှလုံးသားကိုအလှဆင်ပါ စသည့်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် နောင်နှစ် နောင်နှစ်တွေမှာလည်း အနုပညာရှင်များအနေဖြင့် ယခုလိုတံခွန်စိုက်ဒိုင်းဆုတွေရရှိအောင် ဆက်လက်ကြိုးစားစေလိုကြောင်း၊ ရှေ့ဆက်ပြီး တိုင်းအဆင့်ပြိုင်ပွဲတွေ ဗဟိုပြိုင်ပွဲတွေမှာ ဆုများရရှိ‌အောင် ဆက်လက်ကြိုးစားပေးကြစေလိုပါကြောင်း၊ မျိုးဆက်သစ်အနုပညာရှင်များလည်း မွေးထုတ်ပေးစေလိုကြောင်းနှင့် ယခုလိုမျိုးမြို့နယ်ဂုဏ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်  သုံးခွမြို့နယ်မှ  ခေတ်ဟောင်းကာလပေါ်ဝါသနာရှင်၊မဟာဂီတဝါသနာရှင်၊ ဆိုင်းတစ်ဦးချင်းပြိုင်ပွဲနှင့်   အမျိုးဂုဏ်ဇာတိဂုဏ်စသည့် ဂီတပညာများဖြင့် ဆုများရရှိခဲ့ကြပြီး ဆုရရှိသူများအား တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းကျပ်၊ ပံ့ပိုးပေးသူတစ်ဦးလျှင် ငါးသောင်းကျပ်ဖြင့် စုစုပေါင်းငွေကျပ် ၁၁၅၀၀၀၀၊ (ကျပ်ဆယ်တစ်သိန်းငါးသောင်း) ကို ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ အဆို၊ အက၊ အရေးအတီး ပြိုင်ပွဲဝင်များ တက်ရောက်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)