ကျောက်တလုံးကြီးမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကလေးသူငယ်များ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန်နှင့် ဉာဏစွမ်းမြင့်မားစေရန်ရည်ရွယ်၍ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သော လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက  လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်၍ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာကြသည်။

အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသူများကို မြို့ဦးစီးမှူးမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်းနှင့် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း