မအီမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ

မအီ     စက်တင်ဘာ     ၁၃

မအီမြို့ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့ ညနေက အဆိုပါကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသက်နောင်ထွန်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးကျော်စွာအောင်က ကျေးဇူးတင်စကား ပြောကြားသည်။

၎င်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဦးသက်နောင်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အမှတ်(၄)ရပ်ကွက် အ. လ. က(ခွဲ)ကျောင်းမှ အလယ်တန်းအဆင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက "လူငယ်နှင့် အားကစား" "လူငယ်နှင့် ယဉ်ကျေးမှု"၊ "လူငယ်နှင့် စာရိတ္တ"၊ "လူငယ်နှင့် စာဖတ်ဝါသနာ"၊ "လူငယ်နှင့် ကျန်းမာရေး"၊ "လူငယ်နှင့် မူးယစ်ဆေးဝါး" အစရှိသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မအီမြို့ရုံးအနေဖြင့် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြီု့ဦးစီးမှူး ဦးသက်နောင်ထွန်း၏ ပြောကြားချက်အရသိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)