မြေပုံ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ စူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ကံသာထွက်ဝရပ်ကွက်၊ မြို့မကွင်းရှိ၊ နည်းပညာပြန့်ပွားရေးစံတာ (KC) ၌ပြုလုပ်သည်။
စူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခိုင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားရာ၌ မိမိဒေသထွက်ကုန်ကြမ်းများ အလွယ်တကူရရှိနိုင်ပြီး ကုန်ကျမှုအနည်းဆုံးဖြစ်သော သဘာဝမြေဩဇာစူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်းကို မှတ်သားလိုက်နာပြုလုပ်သုံးစွဲကြရန် မှာကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန့်အောင်က သရုပ်ပြပွဲသို့တက်ရောက်လာသော တောင်သူများအား မြေပုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ဧက(၇၅၅၂၄)ဧကလျာထားခဲ့ပြီး (၇၇၈၄၆)ဧက စိုက်ပျိုးခဲ့ကာ(၂၃၂၂)ဧက တိုးချဲ့စိုက်ပျိုး၍ မြေဩဇာလိုအပ်ချက်များကို ဖြည့်ဆည်းသုံးစွဲနိုင်ရန် စူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်းကို တစိုက်မတ်မတ်ပြုလုပ်သုံးစွဲကြရန် ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီးတောင်သူများအား စူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်း ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေကာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စူပါအီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲနည်းပြုလုပ်နည်းကို လက်တွေ့သရုပ်ပြပြုလုပ် ဆောင် ရွက်ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူဦးကြီးများ စုစုပေါင်းအင်အား (၅၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ဝင်း