စဉ့်ကူး စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက လူကုန်ကူးမှုသည် လူသားမျိုးနွယ်စုတစ်ခုလုံးနှင့် သက်ဆိုင်သော ရာဇဝတ်မှုဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သောကြောင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းများအား ကျောင်းသူ/ကျာင်းသားများ၊ လူငယ်လူရွယ်များ၊ ပြည်သူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန် ရှောင်ကြဉ်ရမည့်အချက်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး ပညာရပ်မျိုးစုံပါဝင်သော သုတရသစာအုပ်များဖြင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာဖတ်ရှုခဲ့ကြသည်။
စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)