စစ်တွေ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ May Yu Shopping Complex ဖွင့်လှစ်ရန်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ် ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် May Yu Shopping Complex တွင် ယခင်မေယုဈေး တွင်ရောင်းချခဲ့သည့် ဈေးသူ၊ ဈေးသားများအတွက် ဈေးဆိုင်ခန်းများ ပြုပြင်ပြီးစီးနေမှုအား ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးနှင့် တာဝန်ရှိသူများ ကလိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဈေးဒုတိယထပ် တွင် ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီးနေမှုအား လှည့်လည်ကြည့်ရှုကြပြီး ဈေးအစည်းအဝေးခန်း၌ ဈေးဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးတင်အောင်ဦးက May Yu Shopping Complex တွင်ဈေးဆိုင်ခန်းများ ဖွဲ့စည်းထားရှိမှု၊ ဈေးဆိုင်ခန်းများ ရောင်းချထားရှိမှုနှင့် ဆက်လက်ရောင်း ချနေမှုများ၊ ဈေးအတွင်းလာရောက်ဝယ်ယူသူများ အဆင်ပြေစေရန် ဈေးအတွင်းတစ်လမ်းမောင်း စနစ်စီစဉ်ဆောင်ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးနှင့် လုံခြုံရေးစနစ်များစီစဉ် ဆောင်ရွက်ထားရှိမှုနှင့် မကြာမီဈေးဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်မေးမြန်းဆွေးနွေးပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဈေးအတွင်း အဆင့်မြင့်ရုပ်ရှင်ရုံ၊ ခေတ်မီ ကလေးကစားကွင်း၊ စူပါမားကတ်၊ IT Shop များ၊ Gold Jewelry များ၊ Coffee Shop များ၊ Roof Top Garden Restaurant၊ အစားအသောက်ဆိုင်များ ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုကြရာ မန်နေဂျင်းဒါရိုက်တာ ဦးတင်အောင်ဦးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် May Yu Shopping Complex အတွင်း ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုကြပြီး ဈေးသူ၊ ဈေးသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။
စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းမကြီးရှိ May Yu Shopping Complex အား ဆောက်လုပ်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်၍ မကြာမီ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)