ချမ်းမြသာစည် စက်တင်ဘာ ၁၃
ချမ်းမြသာစည်မြို့နယ်၊မြို့သစ် (၂)ရပ်ကွက်၊ ၁၀၇ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ MIIT ကျောင်းရှေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့မှ ပူးပေါင်း၍ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၀၆:၀၀မှ နေ့လယ် ၁၁:၀၀ နာရီချိန်အထိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါရောင်းချမှုတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့်သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင် ဦးစီး၍ ဝန်ထမ်းများမှ ဆင်းသွယ်လတ်ဆန် တစ်ပြည် ၃၀၀၀ ကျပ်နှုန်း၊ စားအုန်းဆီ တစ်ပိဿာ ၅၄၀၀ ကျပ်နှုန်း၊ ကြက်ဥ တစ်လုံး ၂၄၅ ကျပ်နှုန်း ၊ ဘဲဥ တစ်လုံး ၃၂၀ ကျပ်နှုန်း၊ ဝက်သား တစ်ပိဿာ ၁၄၀၀၀ ကျပ်နှုန်း၊ အမဲသား တစ်ပိဿာ ၁၄၀၀၀ ကျပ်နှုန်း၊ ငါးမုတ် တစ်ပိဿာ ၄၅၀၀ ကျပ်နှုန်း၊ ငါးကြင်းဖြူ(ရန်ကုန်) တစ်ပိဿာ ၁၅၀၀၀ကျပ်နှုန်း၊ ငါးမြစ်ချင်း တစ်ပိဿာ ၆၅၀၀ ကျပ်နှုန်း၊ငါးတန် တစ်ပိဿာ ၄၅၀၀ ကျပ်နှုန်း၊ ငါးမုတ် တစ်ပိဿာ ၄၅၀၀ ကျပ်နှုန်း၊ စလားဗီးယားတစ်ပိဿာ ၆၅၀၀ ကျပ်နှုန်း၊ ငါးခြစ် (ငါးမြစ်ချင်း) တစ်ပိဿာ ၁၆၀၀ကျပ်နှုန်း၊ ငါးကြင်းဖြူ (မန္တလေး)တစ်ပိဿာ ၉၀၀၀ ကျပ်နှုန်း၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်တို့ဖြင့် ပြင်ပပေါက်စျေးများထက် အထူးသက်သာသော နှုန်းထားများဖြင့်ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူသူများဖြင့်စည်ကားလျက်ရှိကြောင်းသိရသည်။
ကျော်စွာ (ပြန်/ဆက်)