တံတားဦးမြို့တွင် ငှက်ဖျားရောဂါကင်းဝေးရေးအတွက် ကွင်းဆင်းဆောင်ရွက်

တံတားဦး၊  အောက်တိုဘာ  ၁၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ငှက်ဖျားရောဂါကင်းဝေးရေးအတွက် မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် တံတားဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၀)နာရီက ထနောင်းကိုင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး၌ သတ်မှတ်ကာလအတွင်း ငှက်ဖျား ရောဂါကင်းဝေးရေး ရည်မှန်းချက် ပြည့်မီနိုင်စေရန် ငှက်ဖျားပိုးတွေ့လူနာနှင့် ဆက်စပ်မှုရှိသူများကို RDT နှင့် Microscope နှစ်မျိုးလုံးဖြင့် ငှက်ဖျားရောဂါပိုး ရှာဖွေစစ်ဆေးပြီး ရောဂါပိုးကူးစက်ခံထားရသူ လူနာအား သတ်မှတ်ထားသော စံပြုဆေးဝါး ကုသနည်းများဖြင့် အခမဲ့ကုသပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ်တွင် ငှက်ဖျားရောဂါပိုးတွေ့လူနာနှင့် ဆက်စပ်နေရာများအား ရောဂါစုံစမ်း ထောက်လှမ်းခြင်း၊ ရောဂါပိုးအမျိုးအစားခွဲခြားခြင်း၊ ငှက်ဖျားရောဂါပိုးကူးစက်နိုင်မှု နေရာများအား ရှာဖွေခြင်း၊ ရောဂါပိုးကူးစက်နိုင်မှုနေရာ အမျိုးအစားခွဲခြားခြင်း၊ ရောဂါပိုး ကူးစက်မှု ဖြတ်တောက်နိုင်ရန် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အခမဲ့ဆေးဝါးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြ ကြောင်း သိရသည်။

ရဲတင့်(တံတားဦး)