လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(၁၃)တွင် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အ.ထ.က(၁၃)တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉.၀၀)နာရီက အ.ထ.က(၁၃)တွင် ပြုလုပ်သည်။

ရှေးဦးစွာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၈)ရပ်ကွက်အ.ထ.က(၁၃)အခြေခံ ပညာအထက်တန်းကျောင်းမှ တာဝန်ခံဆရာမကြီး‌ဒေါ်ခင်လှကြည်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမြင့်ဇော်က  ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားသည်။

အဆိုပါဟောပြောပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်စာကြည့်တိုက်ကြီးကြပ်‌ရေး ကော်မတီဥက္ကဋ္ဌဦးဆန်းမင်းသိုက်ကပညာရဲရင့်ပွဲလယ်တင့်‌ ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ စာရေးဆရာမင်းချစ်ဦးဇော်က သုတအထွေထွေခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာအသင်းအဖွဲ့ဝင် ဦးသန်းမြင့်‌ဝေက ကျွန်တော်နှင့်အရက်ဆေးလိပ်ကွမ်းယာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာ ပေးဟောပြောကြသည်။

ဆက်လက်၍ အ.ထ.က(၁၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၁၀)ဦးက ပညာရဲရင့်ပွဲလယ်တင့်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကြသည်။

ထို့နောက်စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကြသည်။

ဟောပြောပွဲသို့ ပြန်/ဆက်ဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာရေးဆရာများ၊ အ.ထ.က(၁၃)မှဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၂၇၀)ဦးခန့်တက်ရောက်ကြပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသောအသိပညာ‌ ပေးနံရံကပ်စာ‌စောင်များကို တက်‌ရောက်လာကြသော ကျောင်းသား/သူများမှစိတ်ပါဝင်စားစွာကြည့်ရှုကြသည်။

မြင့်ဇော်