မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့သို့ (PPE)ဝတ်စုံများ လှူဒါန်း

ကျောက်ဆည်၊    အောက်တိုဘာ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် စေတနာရှင်ပြည်သူများမှ ကျန်းမာရေးသုံး ပစ္စည်းများ၊ အလှူငွေများ၊ စားသောက်ဖွယ်ရာများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်လွင်ထံသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်နိုင်သွင်က (PPE) ဝတ်စုံများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ (PPE)ဝတ်စုံများကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးကျော်နိုင်သွင်နှင့် ဆရာ/ဆရာမ များမှစုပေါင်းပြီး တစ်စုံလျှင်(၂၂၀၀)ကျပ်တန်ဖိုးရှိ (PPE)ဝတ်စုံအထည် (၂၀) လှူဒါန်းခဲ့ရာ  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လွင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် လှူဒါန်းရရှိသော (PPE)ဝတ်စုံများကို ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် စနစ်တကျ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)