မြစ်သားမြို့နယ်တွင် ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူလယ်သမား(၇၅)ဦးအတွက် စိုက်ပျိုးစရိတ် ထုတ်ချေးငွေများ ထုတ်ချေးပေး

မြစ်သား    စက်တင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးနှင့်အခြားသီးနှံများအတွက် ကျေးရွာအုပ်စု( ၅)အုပ်စုမှ တောင်သူလယ်သမား( ၇၅ )ဦးအား စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ချေးပေးခဲ့သည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်နှစ်များကမိုးစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုး စရိတ်ချေးငွေများကို ပြန်လည်ပေးဆပ်ပြီး တောင်သူများကိုသာ ထုတ်ချေးပေးခြင်းဖြစ်ပြီး၊  မြစ်သားမြို့နယ်အတွင်းရှိ အိမ်ရှေ့တောင်ကျေးရွာအုပ်စု၊ သပြေတောင်းကျေးရွာအုပ်စု၊ သိုတန်ဆင်းကွတ် ကျေးရွာအုပ်စု၊ သီခေါင်ကျေးရွာအုပ်စု၊ကသဲကုန်းကျေးရွာအုပ်စုမှ တောင်သူလယ်သမား(၇၅)ဦးအား မိုးစပါးနှင့်အခြားသီးနှံများအတွက်စုစုပေါင်း ချေးငွေကျပ်( ၅၁၀)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ(၇) အမည်ပေါက်ရှိရမည်ဖြစ်ပြီး၊ ကျေးရွာအလိုက်ဖွဲ့စည်းပေးထားသည့်  မိုးစပါးချေးငွေကော်မတီအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ပါရှိမှသာ ချေးယူခွင့်ရရှိမည်ဖြစ်ကြောင်း မြစ်သားမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။           

ဝင်းမင်းထွန်း(မြစ်သား)