မတ္တရာ စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးနိုင် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စားအဖွဲ့ဝင် ဦးမောင်မောင်သန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်အောင်ကျော်မှ ယခုထိုးနှံပေးမည် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးသည် အန္တရာယ်ကင်းပြီး အမှန်တကယ်ထိရောက်သော ကာကွယ်ဆေးဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးကျော်စိုးလွင်မှ အသက်(၉)နှစ် ပြည့်ပြီး (၁၂)နှစ်မကျော်သေးသော မိန်းကလေးငယ်များအား (၁၈.၉.၂၀၂၃)ရက်နေ့မှ (၂၉.၉.၂၀၂၃) ရက်နေ့အထိ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးထိုးနှံခြင်းအဖြစ်လည်းကောင်း (၁၆.၁၀.၂၀၂၃)မှ (၂၇.၁၀.၂၀၂၃)နေ့အထိတွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးအဖြစ် ထိုးနှံပေးသွားမည့် အစီအစဉ်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ တက်ရောက်လာသောဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)