ကျောက်ဆည်မြို့တွင် သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည်  စက်တင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက်(၉)နာရီက သားအိမ်ခေါင်းကင်ဆာ ကျန်းမာရေးအသိပညာအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး သားအိမ်ခေါင်ကင်ဆာအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးတာဝန်ခံဆရာမကြီး ဒေါ်ခင်မာလာက ဟောပြောပွဲတွင်ရရှိသော သားအိမ်ခေါင်း ကင်ဆာနှင့်ပတ်သတ်သည့်ကျန်းမာရေးအသိပညာများကို ကိုယ်တိုင်လိုက်နာကျင့်သုံး သွားကြရန်နှင့်မိမိကျောင်း၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများကိုလည်း မျှဝေပေးရန်လိုကြောင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး တာဝန်ခံဆရာဝန် ဒေါက်တာမင်းထက်စိုးက အသက်(၉)နှစ်ပြည့်ပြီး၊ အသက်(၁၂)နှစ်မပြည့်သေးသည့် မိန်းခလေးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနိုင်ရေးနှင့် မြန်မာ နိုင်ငံတွင်သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု အခြေအနေများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးစတင်ထိုးနှံမှုနှင့် ကာကွယ်ရေးလွှမ်းခြုံမှုအနေအခြေ၊ သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ/ကာကွယ်ခြင်းနှင့်ကုသခြင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ် ဆေး အကြောင်းများကို  ပရိုဂျက်တာဖြင့်အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရပြီး တက်ရောက်လာကြသည့် ဆရာ/ဆရာမများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးဟောပြောပွဲသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ (၁၉၈)ဦးတက်ရောက်ခဲ့ကြောင်းသိရပြီး ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး ထိုးနှံခြင်းများကို စက်တင်ဘာလနှင့် ပြည်သူအခြေပြုသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းများကို အောက်တိုဘာလတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သက်မောင်