ကျောက်ဆည်မြို့တွင် (စတုတ္ထ)အကြိမ် ပြည်သူ့သက်သာဈေးဆိုင်များဖွင့်လှစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသားများအား ဈေးနှုန်းသက်သာသောစွာဖြင့်ရောင်းချပေး

​ကျောက်ဆည်  စက်တင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကုန်ဈေးနှုန်းများကျဆင်းရေး၊ ရေတိုစီမံချက်အနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတုတ္ထအကြိမ် ပြည်သူ့သက်သာဆိုင်များဖွင့်လှစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသားများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့မဈေး ပြည်သူ့သက်သာဈေးဆိုင်များတွင် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည် (၃၀၀၀)ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင် ဆန်(၂)ပြည်နှုန်းဖြင့်ဆန် (၅၀)အိတ်၊ စားသုံးဆီတစ်ပိဿာ (၄၆၀၀)ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင် ဆီ(၅၀)ကျပ်သားနှုန်းဖြင့် ဆီ(၂၂၀)ပိဿာ၊ ကြက်ဥတစ်လုံ  (၂၀၀)ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင် ကြက်ဥ(၅)လုံးနှုန်းဖြင့် ကြက်ဥ အလုံး (၂၀၀၀)၊ ဝက်သားတစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သား နှုန်းဖြင့် ဝက်သား (၁၅၀)ပိဿာ၊ အမဲသားတစ်ပိဿာ (၁၂၀၀၀)ကျပ်ဖြင့် ပြည်သူ တစ်ဦးအား(၅၀)ကျပ်သား နှုန်း ဖြင့် အမဲသား (၁၅၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းကျဆင်းရေး ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသား ရောင်းချခြင်းများကို စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်များနှင့် ဆန်ကုန် သည်ကြီးများ၊ ဥစားကြက်မွေးမြူးရေးလုပ်ငန်းရှင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ သား/ငါးလေလံ လုပ်ငန်းခွင့်ပြုချက်ရရှိထားသည့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)