၂ဝ၂၃ ခုနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ဖွင့်ပွဲကျင်းပ

ချမ်းအေးသာစံ   စက်တင်ဘာ    ၁၃

၂ဝ၂၃ ခုနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း မိုးလုံလေလုံအားကစားခန်းမတွင်  ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမျိုးသားဗိုလ်လုပွဲစဉ် ကျောက်ဆည်ခရိုင်နှင့် သပိတ်ကျင်းခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို အားပေးကြည့်ရှုခဲ့​ပြီး ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများမှ အမျိုးသားပြိုင်ပွဲ ပထမဆုရ သပိတ်ကျင်းခရိုင်အသင်းနှင့် အမျိုးသမီးပြိုင်ပွဲ ပထမဆုရ အောင်မြေသာစံခရိုင်အသင်းတို့အပါအဝင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရ အသင်းများ၊ တစ်ဦးချင်းအကောင်းဆုံးဆုရ အားကစားသမားများအား တံခွန်စိုက်ဆုဖလား၊ ဆုတံဆိပ်၊ ငွေသားဆုနှင့် ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ခရိုင်အလိုက် အမျိုးသားအသင်း ၁၁ သင်း၊ အမျိုးသမီးအသင်း ၉ သင်းပါဝင်ပြီး စက်တင်ဘာလ ၈ရက်နေ့မှ စက်တင် ဘာလ ၁၃ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း၊ အဆိုပါဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ ​တိုင်းဒေသ ကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးကျော်မင်းသန်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်တို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီ ဒုဥက္ကဋ္ဌ ဦးထွန်းလင်း၊ အတွင်းရေးမှူး ဦးမြင့်ဆွေတို့နှင့် ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ ဘော်လီဘောအား ကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်