မိုင်းခတ် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အတွေးအခေါ်အယူအဆများနှင့် လူအများရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း (မိုင်းခတ်) ရှိ Grade-10 စာသင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ်ဦးအားဖျော်တို့က လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) (Grade-10) မှ စိုင်းလင်ခမ်း၊ မောင်ညီညီလင်း၊ မသဲစုဖြိုးလှိုင်၊ မကြည်ပြာလင်းတို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ခေါင်းဆောင်မှုကဏ္ဍ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ရာ သုတရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)