တွံတေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဝန်းတော)တွင် လူငယ်ရေးရာကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တွံတေး စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စု၊ သဝန်းတောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင်  နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေအလင်္ကာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(သဝန်းတော)ကျောင်းအုပ်ဆရာကြီးဦးဇော်ဇော်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက ပြိုင်ပွဲကျင်းပရသည့်ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အကဲဖြတ်အမှတ်ပေး အဖွဲ့ခေါင်းဆောင်ဆရာဦးအောင်မင်းဇော်က ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက မဲနှိုက်ကာ မိမိကျရာခေါင်းစဥ်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသက်ဦးနှင့် ကျောင်းအုပ်ဆရာကြီးတို့က ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့်အမှတ်ပေးဒိုင်များအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြကာ မြန်မာဆရာမဒေါ်အေးအေးစိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အ.ထ.က(သဝန်းတော)ကျောင်းတွင် လစဥ်ကျင်းပသောပြိုင်ပွဲများ၌ ဆုရရှိသူများအား ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဓာတ်ပုံံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကိုတက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် တွံတေးမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ လူငယ်ရေးရာကျပန်းစကားပြောပြိုင်ပွဲ ဆက်လက်ကျင်းပပေးသွားမည် ဖြစ်ကြောင်းသိရသည်။

တွံတေးသား