တာချီလိတ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တာချီလိတ်    စက်တင်ဘာ   ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်ဦးကျော်က ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စာရင်းများကောက်ယူနိုင်ရန် ရှင်းလင်းပြောကြားပြီး၊ တာချီလိတ်ခရိုင်၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က သားအိမ်ခေါင်းကင်ဆာရောဂါသည် (HPV) ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားကာ အသက် ၁၅ နှစ်မှ (၄၅) နှစ်အတွင်းအဖြစ်များပြီး အသက် (၉) နှစ်အရွယ်တွင် ကာကွယ်ဆေးထိုးနှံထားမှုသည် အကောင်းဆုံးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းအုပ် ဆရာ/ဆရာမကြီးများက ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်နှင့် စာရင်းများ ကောက်ယူမည့် အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို (၁.၉.၂၀၁၁) ရက်နေ့မှ (၃၁.၈.၂၀၁၄) ရက်နေ့အတွင်း မွေးဖွားသော အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော် သော ကျောင်းသူများအား စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်း၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ ပြည်သူအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)