ကျောက်တန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအညီ သွားလာနေထိုင်တတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်တန်း စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့စုမှ ဦးဆောင်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်တန်းမြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးရန်နိုင်စိုးက ယာဥ်အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ အသက်အန္တရာယ်ထိခိုက်ပျက်စီးမှုများ၊ လမ်းကူးသူများ၏ ပေါ့ဆမှုကြောင့်ဖြစ်ပွားခဲ့ရသည့် ထိခိုက်ပျက်စီးမှုများ၊ လမ်းကူးရာတွင်လိုက်နာရမည့် စည်းကမ်းများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးဗီဒီယိုများကို ဖွင့်လှစ်ပြသခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးကျော် တက်ရောက်ခဲ့ပြီး စိတ်ပါဝင်စားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျောက်တန်း (ပြန်/ဆက်)