ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အဆင့်မြင့်အပ်ချုပ်စက်တင်တန်း ဖွင့်လှစ်သင်ကြား

ဇေယျာသီရိ စက်တင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းများကို ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ကံသာအေးကျေးရွာနှင့် ကျွန်းရောင်းကျေးရွာအုပ်စု၊ ရွှေဗဟိုကျေးရွာတို့တွင် ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အဆိုပါသင်တန်းများကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ရာ “ကျွန်တော်တို့အနေနဲ့ ဇေယျာသီရိမြို့နယ်၊ ကံသာအေးကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက်နေ့၊ ရွှေဗဟိုကျေးရွာမှာက စက်တင်ဘာလ ၁၂ ရက်နေ့ အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပြီး အဆင့်မြင့်သင်တန်းကို ထပ်မံဖွင့်လှစ်ပေးတာဖြစ်ပါတယ်၊ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းမှာဆိုရင်လည်း အခြေခံအပ်ချုပ်စက်သင်တန်းလို သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးသွားမှာပါ၊ ယခုဖွင့်လှစ်တဲ့ အဆင့်မြင့်အပ်ချုပ် စက်သင်တန်းနှစ်ခုကနေ ထူးချွန်တဲ့သင်တန်းသူ ၁၀ ဦးရွေးချယ်ပြီး နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်မည့် ဒီဇိုင်နာသင်တန်းကို တက်ရောက်ခွင့်ပြုသွားမှာပါ”ဟု ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်၏ ပြောပြချက်အရ သိရသည်။

အဆိုပါ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းများကို ရက်ပေါင်း ၃၀ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် အမျိုးသားဝတ်ရှပ်အင်္ကျီချုပ်နည်း၊ သုံးလွှာစကပ်ချုပ်နည်း၊ လေးလွှာစကပ်ချုပ်နည်း၊ နောက်ဇစ်တပ်နည်းနှင့် အင်္ကျီဖြတ်ဆက်ချုပ်နည်းများကို စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)