မူဆယ်ခရိုင်၊ ဒုတိယရဲမှူးကြီးနှင့်ရဲတပ်ဖွဲ့ဝင်များက ရေကြီးမြေပြိုမှုဖြစ်ပွားသော မူဆယ်မြို့နယ်၊ နမ့်ပေါ်ကျေးရွာရှိ ဝေဠုဝန်ကျောင်းဝန်းအတွင်း လိုအပ်သည်များ သွားရောက်ဆောင်ရွက်ပေး

မူဆယ် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယခုစက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့၍ နမ့်ပေါ်ကျေးရွာ၊ ဝေဠုဝန်ကျောင်းဝန်းအတွင်းရှိ ဆွမ်းစားဆောင်အပါအဝင် မြေနိမ့်ပိုင်းများတွင် ရေကြီးရေလျှံကာ မြေပြိုမှုများ ဖြစ်ပွားခဲ့သောကြောင့်  မူဆယ်ခရိုင်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များက သွားရောက်လျက် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ရေကြီးရေလျှံဖြစ်ကာ မြေပြိုကျမှုများကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့၊ဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့် ဦးဆောင်၍ ဒုရဲမှူး အောင်သင်းဦးနှင့်ရဲတပ်ဖွဲ့ဝင်များက မြေပြိုကျရာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဆွမ်းစားဆောင်အား ပြန်လည်ရှင်းလင်းပြုပြင်ခြင်း၊ မြေပြိုနေမှုကြောင့် မြေသားများကို တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားခြင်း၊ မြေနိမ့်ပိုင်း ရေဝင်ရောက်ရှိသောနေရာများမှ ရေဆိုးများကို ရေစုပ်စက်များဖြင့် စုပ်ထုတ်ဖယ်ရှားကာ မြေသားဘောင်များ ဆောင်ရွက်ပေးခြင်းအပြင် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ အမှိုက်နှင့်ခြံနွယ်များကိုလည်း ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မူဆယ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းနှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ကလည်း စက်တင်ဘာလ (၆) ရက်နေ့တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားသောက်ကုန်များကို ပေးဝေလှူဒါန်းခြင်း၊ ဆေးရုံကြီးများတွင် သွေးလှူဒါန်းခြင်းနှင့် မြို့နယ်အတွင်း ရေကြီးမြေပြိုမှုတို့တွင် ပြည်သူ့အကျိုးပြုသွားရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)