ကျောက်ဆည် စက်တင်ဘာ ၁၃
ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အထက် တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အစိုးရနည်းပညာ အထက်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၏ သင်ကြားသင်ယူမှုနှင့် ကျောင်းလုပ်ငန်းဆိုင်ရာ ဗွီဒီယိုမှတ်တမ်းအား ဖွင့်လှစ်ပြသခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “မောင့်မေတ္တာ” သီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကာ ကျောက်ဆည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းက လူငယ် များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတရရှိစေရန်၊ ပညာရေးကဏ္ဍတိုးတက်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဘဝတိုးတက်ရေး အထောက်အကူဖြစ်စေရန်လေ့လာသင်ယူကြရန်နှင့်မြို့နယ် ပညာရေးမှူး (တာဝန်ခံ) ဒေါ်ခင်မာလာက ဗလငါးတန်ပြည့်စုံရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး အနာဂတ် ဦးဆောင်နိုင်သော သားကောင်းရတနာများဖြစ်အောင်ပြိုင်ပွဲဝင် စွမ်းရည်ပြသခွင့်၊ အားကျအတုယူသောစိတ် ကာယ၊ဉာဏ၊စာရိတ္တ၊မိတ္တ၊ဘောဂဗလများပြည့်စုံစေရေးကြိုးစားကြရန် အမှာစကားပြောကြားခဲ့ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက ကျောင်းသား/ကျောင်းသူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အတုယူစေချင်ကြောင်း၊ ဘက်စုံတိုးတက်ဖို့ အထောက်အကူဖြစ်စေရန်နှင့် ပူးပေါင်းဆက်ဆံမှုများ အားကောင်းစေရန် အတွက် ပြိုင်ပွဲများကျင်းပပြုလုပ် ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်.။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ ကျောက်ဆည် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းများ၊ အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းနှင့် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၂၁)ဦးက စာပေမြင့်မှ လူမျိုးတင့်မည်၊ လူကြီးနှင့်လူငယ်၊ လူငယ်နှင့်ကျန်းမာရေး၊ မြတ်ဆရာ စသည့်ခေါင်းစဉ်များ ဖြင့် ပါဝင်ယှဉ်ခဲ့ကြသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ကျောင်းသား/ကျောင်းသူလေးများက တောင်ယာဝင်ချိန် သီချင်းဖြင့် သီဆိုဧည့်ခံခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)