ကွတ်ခိုင်မြို့နယ်အတွင်း အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း‌ ဆွေးနွေးပွဲပြုလုပ်

ကွတ်ခိုင် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်ညှိနှိုင်း‌ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆိုလာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကွတ်ခိုင်ခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထိုးနှံမှု လွှမ်းခြုံထားမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဥ်များ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု အခြေအနေနှင့် ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး မထိုးသင့်သော အခြေအနေများအကြောင်းနှင့် သာအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (Gordasil) သည်မျိုးစိတ် (၆/၁၁/၁၆/၁၈) (၄) မျိုးကို ကာကွယ်ပေးနိုင်ပြီး တစ်ကြိမ်တည်းသာ ထိုးနှံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဖြူဖြူဟန်က အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို (၁.၉.၂၀၁၁) မှ (၃၁.၈.၂၀၁၄) တွင် မွေးဖွားသော ကျောင်းနေအရွယ် ကျောင်းသူများကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို (၁၈.၉.၂၀၂၃) ရက်နေ့မှ (၂၉.၉.၂၀၂၃) ရက်နေ့အထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို (၁၆.၁၀.၂၀၂၃) ရက်နေ့မှ (၂၇.၁၀.၂၀၂၃) ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများကလည်း အပြန်အလှန်ပါဝင် ဆွေးနွေးခဲ့ကြပြီး‌‌နောက် ကွတ်ခိုင်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် ကျန်မားရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။

ကွတ်ခိုင် (ပြန်/ဆက်)