ကွတ်ခိုင် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းတွင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု၍ အားကစား သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးနေလင်းက ပညာသင်ကြားစဉ်အတွင်း ဘက်စုံဖွံ့ဖြိုးသည့် ကျောင်းသားလူငယ်များမွေးထုတ်ပေးနိုင်ရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားသမားများက ကျောင်းအုပ်ဆရာကြီးအား စစ်ကြောင်းပုံစံချီတက် အလေးပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များမှ အမျိုးသမီး (၅)သင်း၊ အမျိုးသား(၅)သင်း စုစုပေါင်း(၁၀)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)