ကျောက်မဲ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၃ ခုနှစ်၊ ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပပျောက်ပျက်အောင် ထိန်းသိမ်းမြှင့်တင်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များ၊ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ အမိနိုင်ငံတော်ကိုချစ်မြတ်နိုးသည့် စိတ်ဓါတ်ပိုမိုထွန်းကားစေရန်၊ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ယဉ်ကျေးမှုအထောက်အကူပြုနိုင်ရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့ ကျောက်မဲမြို့နယ်မှ အခြေခံပညာအဆင့်အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိ အဆိုပြိုင်ပွဲဝင် ၂ ဦး၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အဆိုပြိုင်ပွဲဝင် ၃ ဦး၊ ဝါသနာရှင် ဒုတိယတန်းအဆင့် မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲဝင် ၁ ဦး၊ အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိ ပြိုင်ပွဲဝင် ကျား ၁ ဦး၊ မ ၁ ဦး၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အက ပြိုင်ပွဲဝင် ကျား ၁ ဦး မ ၃ ဦး၊ ကဗျာလွတ် အကပြိုင်ပွဲဝင် အဖွဲ့ ၁ ဖွဲ့တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ပြိုင်ပွဲဝင်များထဲမှ ထူးချွန်သူများကို ရွေးချယ်၍ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဆက်လက်စေလွှတ်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)