ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသို့ ယူးရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ပေါက်တော  စက်တင်ဘာ  ၁

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်း တိုးတက်စေရန် ပြည်တွင်းမှထုတ်လုပ်သော ယူးရီးယားဓာတ်မြေဩဇာ (MPE)များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံတောင်သူများသို့ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက  ယခုရရှိသော ယူးရီးယား မြေဩဇာများကို စနစ်တကျရောစပ်သုံးစွဲရန်၊ ယူးရီးယားမြေဩဇာများကို အချိန်ကိုက်အချိုးကျ သုံးစွဲနိုင် ရန်မှာကြားပြီး  သဘာဝမြေဩပြုလုပ်သုံးစွဲနည်းများကိုလည်း လက်တွေ့ပြသသည်။ အဆိုပါ အခမ်း အနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး၊ ဓာတ်မြေဩဇာသယ်ယူသို့ လှောင်ဖြန့်ဖြူး ရေးကော်မတီ အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြသည်။

ပေါက်တောမြို့နယ်အတွင်းရှိ ယူးရီးယားဓာတ်မြေဩဇာ (MPE) ၄၉၃ အိတ်ကို ကျေးရွာအုပ်စု ၁၈ အုပ်စုသို့ ပထမအကြိမ်အဖြစ် ဖြန့်ဖြူးချမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေး ထံမှ သိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)