ထန်းတပင် စက်တင်ဘာလ ၁၃
အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာ၊ အတတ်ပညာမြင့်မားကာ အမှားအမှန်များ ဝေဖန်ပိုင်းခြားတက်စေရေး၊ ကိုယ်ပိုင်ဉာဏ်စွမ်းများ တိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်မားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အသိပညာ ပေးဟောပြောပွဲများနှင့် ပြိုင်ပွဲများကို မြို့နယ်အတွင်း ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲနှင့်ပြိုင်ပွဲကို ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပပြုလုပ်ခြင်းဖြစ်သလို ဟောပြောပွဲတွင် အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအေးမောင်က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက ကျောင်းသား၊ ကျောင်းသူများကို လူငယ်နှင့် အနာဂတ်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦစီးအရာရှိ ဦးဇော်ဇော်နိုင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူခြောက်ဦးတို့မှ အစဉ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကျန်းမာခြင်းသည်လာဘ်တပါး၊ ယနေ့လူငယ်နောင်ဝယ်လူကြီးစသည့် ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။
အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကလည်း ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ ကြည့်ရှု့လေ့လာခဲ့ကြကာ သုတ၊ ရသစာအုပ်စာစောင်များကိုလည်း ဖတ်ရှုလေ့လာခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက် (ပြန်/ဆက်)