လားရှိုးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

လားရှိုး စက်တင်ဘာ ၁၃

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးစန်းဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဆောင်ရွက်ကာ  Grade-11  မှ မောင်ကျော်ဇင်သွေးက လူငယ်နှင့်မူးယစ်ဆေး၊ Grade-11 မှ မောင်အောင်ချမ်းမြေ့က လူငယ်နှင့်ပညာရေး ၊ Grade-11 မှ မောင်တိုးအောင်ရှိန်က လူငယ်နှင့်အားကစား၊ Grade-11 မှ မောင်ချမ်းမြေ့ညီညီက လူငယ်နှင့်ကျန်းမာရေး၊ Grade-11 မှ မကေဇင်ဖြိုးက လူငယ်နှင့်နည်းပညာ၊ Grade-11 မှ မရွှေယမင်းဦးက လူငယ်နှင့်ယဉ်ကျေးမှု  ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသူ/ကျောင်းသားများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)