အင်းစိန် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားစေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန်၊ စာဖတ်အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့၊ နံနက် (၉) နာရီက အင်းစိန်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်းအမှတ် (၂) မြေညီခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အင်းစိန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်၊ စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ စာရေးဆရာမောင်မောင် ဝင်းမြင့် (မှုခင်း) နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသက်အောင်တို့က အသီးသီးအမှာစကားများ ပြောကြားခဲ့ကြပြီး အင်းစိန်မြို့နယ်၊ ခြေခံပညာအထက်တန်းကျောင်းအမှတ် (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဆွေက ကျေးဇူးတင်စကားပြန်လည်၍ ပြောကြားသည်။
ဆက်လက်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ အင်းစိန်မြို့နယ် စာရေးဆရာ အသင်းအလုပ်အမှုဆောင်ဘဏ္ဍာရေးမှူး စာရေးဆရာမတက္ကသိုလ်မြမဉ္ဇူက လူငယ်များရဲ့ အနာဂတ်ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတတ်ရေးကို ဆက်လက်တာဝန်ယူရမည့် လူငယ်တွေဖြစ်လို့ အသိပညာမြင့်မားဖို့စာဖတ်ရန်၊ ကျောင်းသား လူငယ်များ မိမိရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်၊ ဗလငါးတန်နှင့်အညီ နေထိုင်သွားကြရန် စသည်တို့ကို အကျယ်တဝင့်အသိပညာပေး ဟောပြောသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စာပေမြင့်မှ လူမျိုးတင့်မည်၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ မူးယစ်ရန်စွယ်တို့ကာကွယ်နှင့် မြန်မာ့ယဉ်ကျေးမှု အစဉ်ရှေးရှုစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အင်းစိန်ခရိုင်ရုံးမှ ပြသထားသည့်စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခင်နှင်းကြည် (ပြန်ဆက်)