တောင်ဥက္ကလာပ စက်တင်ဘာ ၁၃
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" ကို ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်က အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ရေးကို အလေးထားကြိုးစားကြစေလိုကြောင်း၊ ပညာတတ် လူတော်၊ လူကောင်းများ ပေါ်ထွန်းလာမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မှာဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက "လူငယ်နှင့်စာပေ"ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၀င် ဦးမြင့်မောင်က သင်ယူခြင်းအနုပညာခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဒေါ်လေးဇာဇာလှိုင်းမြင့်က အားကစားဆိုတာ ခွန်အားနှင့်ဉာဏ်ရည်ကိုအသုံးချကာ ယှဥ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ အားကစား(၄)မျိုးရှိပြီး ယှဥ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၀င် စာရေးဆရာမမြမဉ္ဇူဝေ (ကျုံမငေး)က "လူငယ်နှင့်ယဥ်ကျေးမှု"အသိပညာပေးခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ Book Club အဖွဲ့၀င်များ၊ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၇၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)