ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

စစ်တွေ    စက်တင်ဘာ  ၁၃

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာဘုန်းတော်ကြီး ကျောင်းဆရာတော် အား ဖူးမြော်ပြီး ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီး သွားသော သာသနိက အဆောက်အဦများ ပြုပြင်ပြီးစီးမှုနှင့် လိုအပ်ချက်များကို လျောက်ထားကာ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပလ္လင်ပြင်ကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲသို့ သွားရောက်၍ ဆရာ၊ ဆရာမများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပလ္လင်ပြင်ကျေးရွာသို့ မိုခါမုန်းတိုင်း မတိုက်ခတ်မီက နိုင်ငံ့ စီးပွားမတည်ရန်ပုံငွေထုတ်ချေးပေးရန် တစ်ကြိမ်ရောက်ရှိခဲ့ပါကြောင်း၊ ပလ္လင်ပြင် ကျေးရွာသည် ပင်လယ်နှင့် နီးကပ်ပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာရှိခဲ့သည်ဟု သိရပါကြောင်း၊ မုန်တိုင်းဒဏ်ကိုကြံ့ကြံ့ခံခဲ့ရ သော်လည်း ယခုအခါပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည်ကိုတွေ့ရ၍ ဝမ်းမြောက်မိပါ ကြောင်း၊ မိမိတို့ရပ်ရွာ၊ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးကပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေးတို့အတွက် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင်လည်းကျေးရွာ အတွင်း ဘာသာရေးနှင့်သာရေးနာရေးများတွင် အသုံးပြုနိုင်ရန်အတွက် မီးစက်သုံးလုံးကို ပေးအပ်သွားမည် ဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် နိုင်ငံတော်ကပေးပို့သည့် စားရေရိက္ခာများကိုလည်း ကျေးရွာနေပြည်သူများကို ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ မိမိတို့နှင့်အတူပါလာသော စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မျှမျှတတခွဲဝေပေးနိုင်ရေး စီမံဆောင်ရွက် ပေးကြစေလိုကြောင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များရှိပါကလည်း တင်ပြပေး ကြစေ လိုကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ ဖြိုးတိုးတက် ရေးအတွက် လုပ်ဆောင်နိုင်မည့်ကဏ္ဍများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများနှင့်အသုံးအဆောင် ပစ္စည်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ကြပြီး ကျေးရွာသူ၊ ကျေးရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာအတွင်း သောက်သုံးရေကောင်းမွန်စွာ ရရှိရေး၊ ရွာတွင်း လမ်းများ ကောင်းမွန်ရေးနှင့် ပင်လယ်ဒီရေတိုက်စားမှုကြောင့် ကျေးရွာမြေများပျက်စီးမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆေးသမားကြီး ကျေးရွာအခြေခံပညာမူလတန်း(လွန်)ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေး ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်း ကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်ပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)