ရမ်းဗြဲမြို့၌  ကျောင်းအခြေပြု  သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းညှိနှိုင်း  အစည်းအဝေးပြုလုပ်

ရမ်းဗြဲ  စက်တင်ဘာ   ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ အသက်(၉) နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော  မိန်းခလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ  အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခင်မောင်သန်းမှအဖွင့်မှာစကားပြောကြားခြင်း၊ ထို့နောက် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခိုင်ထွန်းက သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရခြင်းနှင့် ပတ်သတ်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ကုသခြင်း၊ ရောဂါကူးစက်ခြင်းဆိုင်ရာ လက္ခဏာများ၊ ကာကွယ်ဆေးထိုးနှံပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံမှုများနှင့် ပတ်သက်၍  Video Clips  ဖြင့်ပြသခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့်  မြို့နယ်စီမံအုပ်ချုပ်ရေး  ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများအား မြို့နယ်ကုသရေးဦးစီးဌာနမှ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ရမ်းဗြဲမြို့နယ် ကုသရေးဦးစီးဌာနအနေဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးဖြစ်သည့် လေးမျိုးစပ်ကာကွယ်ဆေး (တစ်ကြိမ်) ထိုးနှံခြင်းအား စက်တင်ဘာလ(၁၈)ရက်နေ့မှ(၂၀)ရက်နေ့ထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်တင်ကြည်(ပြန်/ဆက်)