ပင်လောင်းမြို့နယ်တွင် ဘိန်းအစားထိုး သီးနှံမျိုးစေ့နှင့် ပျိုးပင်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ပင်လောင်း စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင်  ဘိန်းအစားထိုး သီးနှံမျိုးစေ့နှင့် ပျိုးပင်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အမှာစကားပြောကြားပြီး၊ မူးယစ်တပ်ဖွဲ့စု (၂၆) မှ ရဲအုပ်သိန်းဇော်က ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တာဆီးကာကွယ်ရေးလုပ်ငန်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်နိုင်က အစားထိုးသီးနှံမျိုးစေ့နှင့် ပျိုးပင်ပေးအပ်ရသည့် ရည်ရွယ်ချက်များနှင့် နှစ်စဉ်အစားထိုး သီးနှံမျိုးစေ့နှင့်ပျိုးပင်များ ထောက်ပံ့ပေးနေမှု အခြေအနေများ၊ ထောက်ပံ့ပေးသည့် နေကြာမျိုးစေ့ကို နည်းစနစ်မှန်မှန်ဖြစ် စိုက်ပျိုးကြဖို့လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အစားထိုးသီးနှံမျိုးစေ့နှင့်ပျိုးပင် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည့် ကျေးရွာအုပ်စု ခြောက်အုပ်စုမှ အစားထိုးသီးနှံစိုက်ပျိုးတောင်သူ (၂၅) ဦးနေကြာစိုက်ပျိုး ဧက (၆၀) အတွက်  အစားထိုးသီးနှံ နေကြာမျိုးစေ့ပေးအပ်ခဲ့ကြကြောင်း  သိရသည်။

မြို့နယ်ပြန်/ဆက်