နမ့်စန်တွင် School Milk Program အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အဟာရတိုက်ကျွေး

နမ့်စန်(တ) စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် Sunjin Myanmar Company တို့ ပူးပေါင်းပြုလုပ်သော School Milk Program အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းလမ်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဇော်မိုင်က School Milk Program ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အရှေ့အလယ်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများက ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံး လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အာဟရတိုက်ကျွေးရေးအစီအစဉ်ကို ဆောင်ရွက်ရာ အရှေ့အလယ်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် တာဝန်ရှိသူများက ကုန်းလမ်း အ.မ.ကကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၂)ဦးကို နွားနို့၊ ကြက်ဥပြုတ်နှင့် ဒံပေါက်ထမင်းတို့အား ပေးအပ်ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)